အိမ်ရှင်မတွေကြုံရတတ်တဲ့ အရေပြားရောဂါများ
အိမ်ရှင်မ အများစုဟာ အမြဲတမ်း ချက်ပြုတ်၊ လျှော်ဖွပ်၊ အိမ်သန့်ရှင်းရေးလုပ်ကိုင် နေရတဲ့သူတွေပါ။ အဲဒီလို အိမ်ရှင်မတွေဟာ ဘယ်လိုအရေပြား ပြဿနာတွေ ဖြစ်တတ်သလဲဆိုတာ သိထားသင့်တယ်နော်။
အရေပြားရဲ့ အကာအကွယ်အလွှာဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်မှာ ဓာတ်မတည့်တာတွေ မဖြစ်အောင်၊ ရောဂါပိုးတွေ မဝင်နိုင်အောင် ပြုလုပ်ပေးထားတဲ့ သဘာဝအကာအကွယ် ဖြစ်ပါတယ်။ သဘာဝအကာအကွယ်အလွှာက အကြောင်းကြောင်းကြောင့် ပျက်စီးသွားတဲ့အခါ အရေပြားပြဿနာတွေ ဖြစ်လာရပါတယ်။
အိမ်ရှင်မတွေဟာ…
- အစားအသောက်တွေ ထိတွေ့ကိုင်တွယ်ရခြင်း
- ရေစို၊ ရေမကြာခဏဆေးရခြင်း
- အိမ်သန့်ရှင်းရေးလုပ်စဥ် ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ရခြင်း
- အချိန်တိုအတွင်း အလုပ်များစွာပြီးအောင် လုပ်နေရခြင်း
- မိုးလင်းချိန်ကနေ နေဝင်မိုးချုပ်ချိန်ထိ အိမ်အလုပ်တွေ တကုပ်ကုပ်လုပ်နေရခြင်း စတဲ့အချက်တွေကြောင့် အရေပြားပြဿနာတွေ ပိုပြီး အဖြစ်များလေ့ရှိတာပါ။
ဘယ်လိုအရေပြားပြဿနာတွေ ဖြစ်တတ်လဲ?
👉 ထိတွေ့မှုကြောင့်ဖြစ်သော အရေပြားနီရဲနာကျင်ယောင်ရမ်းနာ (Contact Dermatitis)
အစားအစာတွေ၊ ဆပ်ပြာတွေ၊ ဂျီးချွတ်ဆေးရည်တွေနဲ့ တချို့ဓာတုပစ္စည်းတွေနဲ့ ထပ်ကာထပ်ကာ ကြာရှည်စွာ ထိတွေ့မှုကြောင့် ဖြစ်တတ်ပါတယ်။ အရေပြားဟာ နီရဲယောင်ရမ်းကာ နာကျင်လာတတ်ပြီး လက်တွေနဲ့ မျက်နှာမှာ အဖြစ်များပါတယ်။
👉 ထိခိုက်ရှနာတွေ
ဓား၊ ကပ်ကျေးစတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကြောင့် အိမ်ရှင်မတွေရဲ့ လက်နဲ့လက်ဖျံတွေမှာ ထိခိုက်ရှနာတွေ အမြဲလိုရှိနေတတ်ပါတယ်။ ရေအမြဲစိုနေတာ၊ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ရတာတွေကြောင့် ထိခိုက်ရှနာတွေက အနာမကျက်တော့ဘဲ Staphylococci နဲ့ Streptococci ဘက်တီးရီးယားပိုးတွေ ဝင်ရောက်နိုင်ပါတယ်။
👉 အပူလောင်နာ
မီးဖို၊ အကင်စက်၊ ရေနွေးအိုး၊ ပေါင်းအိုး၊ Air Fryer နဲ့ မီးပူလို မီးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ အမြဲသုံးနေရတဲ့အတွက် အပူလောင်နာကလည်း အိမ်ရှင်မတွေ အဖြစ်အများဆုံးပါပဲ။ အပူလောင်နာကြောင့် အရေပြားရဲ့အကာအကွယ်လွှာ ပျက်စီးပြီး ဘက်တီးရီးယားပိုးတွေ ဝင်ရောက်နိုင်ပါတယ်။
👉 အသားအရေ ပျက်စီးခြင်း
မီးအပူတွေနဲ့ တစ်ချိန်လုံးထိတွေ့နေရတာက နေရောင်ခြည်ဒဏ်ခံရသလိုပဲ အရေးအကြောင်းအတွန့်တွေနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေပါတယ်။ တချိန်လုံးရေစိုနေတဲ့ လက်တွေခြေထောက်တွေက ပဲကြီးရေဝလိုက်ပြီး တွန့်ရှုံ့ကာ အလှပျက်စေပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ?
- ဖြစ်နိုင်ရင် လက်အိတ်ဝတ်ပြီး အလုပ်လုပ်ပါ။ အစားအစာတွေ ကိုင်တွယ်ချိန်မှာ တစ်ခါသုံးလက်အိတ် ဝတ်တာ၊ ပန်းကန်ဆေးသန့်ရှင်းရေးလုပ်ချိန်မှာ ရာဘာလက်အိတ်ထူဝတ်တာမျိုးလုပ်ပါ။
- လက်အိတ်ဝတ်တာက ထိခိုက်ဒဏ်ရာနည်းစေတာ၊ ထိတွေ့မှုကြောင့် ဖြစ်တဲ့ အရေပြားယောင်ရမ်းနာကို လျှော့ချပေးနိုင်တာတွေအပြင် သန့်ရှင်းမှုအတွက်လည်း အထောက်အကူ ဖြစ်စေမှာပါ။ (လက်အိတ်နဲ့ ဓာတ်မတည့်လို့ အရေပြားယောင်ရမ်းနာ ဖြစ်တတ်တာကိုလည်း သတိပြုပါ)။
- အလုပ်လုပ်ရာမှာ အလျင်စလိုမလုပ်ဘဲ သတိကပ်ပြီး လုပ်ဆောင်ခြင်းဖြင့် ထိခိုက်ရှနာတွေနဲ့ အပူလောင်နာတွေ မရအောင် ကာကွယ်ပါ။ အကယ်၍ ဒဏ်ရာရခဲ့ရင်လည်း ကုသမှုစောစောခံခြင်းဖြင့် ဘက်တီးရီးယားပိုးမဝင်အောင် ကာကွယ်ပါ။
- မနက်အိပ်ရာထတာနဲ့ ဖြစ်နိုင်ရင် Skin Care လုပ်ပါ။ Suncream မဖြစ်မနေလိမ်းပြီး အပူဟပ်တာကြောင့် အရေပြားထိခိုက်ခြင်းကို ကာကွယ်ပါ။ အိမ်အလုပ်တွေ ပြီးသွားတဲ့အခါ Skin Care ထပ်လုပ်ပါ။ လက်ကို Hand Gel နေ့စဥ်လိမ်းပေးပါ။
- အရေပြားပြဿနာတွေ ဖြစ်နေချိန် အိမ်အလုပ်တွေမလုပ်ဘဲ နားလို့ရရင် အနားယူပါ။
Healtppy ရဲ့ စာဖတ်သူအိမ်ရှင်မလေးတွေ အရေပြားပြဿနာတွေ ကင်းဝေးပြီး လှပနိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်